Insomnia နှင့် ကုသနည်းများ
အိပ်ပျော်ခြင်းဆိုင်ရာ ရောဂါနဲ့ ကျန်းမာရေးပြဿနာတွေထဲ Insomnia လို့ခေါ်တဲ့ ညအိပ်မပျော်တဲ့ရောဂါဟာ အဖြစ်အများဆုံးနဲ့ အသက်အရွယ်မရွေး လူပေါင်းများစွာရဲ့ နေ့စဉ်ဘဝကို ကောင်းကောင်းဒုက္ခပေးနေတဲ့ ကျန်းမာရေးပြဿနာတစ်ခုပါ။ အကြောင်းအမျိုးမျိုးကြောင့် Insomnia ဖြစ်နိုင်တဲ့အပြင် အဓိကအဖြစ်များတဲ့ အကြောင်းရင်းတွေအနေနဲ့
- စိတ်ဖိစီးမှု၊ စိတ်ကျရောဂါနဲ့ တခြားသော စိတ်ကျန်းမာရေးပြဿနာများ
- အိပ်ခန်းက အသံမလုံဘဲ ဆူညံသံတွေ ကြားနေရတတ်ခြင်း
- အခန်းအပူချိန်က ပူလွန်း၊ အေးလွန်းနေခြင်း
- အိပ်တဲ့နေရာက သက်သောင့်သက်သာမဖြစ်ခြင်း
- စိတ်ကြွမူးယစ်ဆေးတွေ မကြာခဏသုံးစွဲတတ်ခြင်း
- ခြေထောက်ကြွက်တက်တတ်ခြင်း
- ညဆိုင်းအလုပ်လုပ်ရခြင်း
- ညဘက်တွေမှာ တမင်တကာမအိပ်ဘဲ နေတတ်ခြင်း စတာတွေကြောင့် ဖြစ်နိုင်ပါတယ်။
သင့်မှာ Insomnia ရှိမရှိ စစ်ဆေးဖို့အတွက် ဆရာဝန်ကို သွားပြတဲ့အခါ
- ကျန်းမာရေးစစ်ဆေးခြင်း
- သွေးစစ်ခြင်း
- နေထိုင်မှုပုံစံအား မေးမြန်းစစ်ဆေးခြင်း
- ကျန်းမာရေးရာဇဝင်အား စုံစမ်းခြင်း
- အိပ်ချိန်ဇယားကို မေးမြန်းခြင်း
- မျိုးရိုးလိုက်သည့် ကျန်းမာရေးပြဿနာများကို မေးမြန်းသွားမှာ ဖြစ်ပါတယ်။
ကိုယ့်ရဲ့ အကြောင်းရင်းခံပေါ် မူတည်ပြီး ဆရာဝန်အနေနဲ့ ကုသနည်းလမ်းအမျိုးမျိုး ပေးနိုင်ပါတယ်။ ဒီနည်းလမ်းတွေထဲမှာ
၁။ CBT ကုထုံး
ဒီကုထုံးကတော့ ဦးနှောက်ရဲ့တွေးခေါ်မှုပိုင်းဆိုင်ရာနဲ့ နောက်ဆက်တွဲ ပြုမူတတ်တဲ့ အမူအကျင့်တွေကို ထိန်းချုပ်တဲ့ ကုထုံးပဲဖြစ်ပါတယ်။ အဓိက ကိုယ့်ရဲ့စိတ်ထဲမှာ ဖြစ်နေတဲ့ မကောင်းတဲ့အတွေးတွေကို ထိန်းချုပ်ပေးပြီး အကောင်းဘက်က မြင်တတ်လာစေဖို့နဲ့ စိတ်ကျန်းမာရေးပြဿနာကြောင့် ကိုယ့်အိပ်ချိန်ကို မထိခိုက်စေဖို့ အဓိက ကူညီပေးပါတယ်။ CBT ကုထုံးမှာ အသုံးများတဲ့ နည်းလမ်းတွေကတော့
- အိပ်ချိန်အား တရားသေ သတ်မှတ်ပြီး အိပ်ချိန်ဇယားအတိုင်း အတိအကျအိပ်စေခြင်း
- တင်းမာနေတဲ့ ကြွက်သားများအား ပြေလျော့စေပြီး အသက်ရှူမှန်စေလို့ စိုးရိမ်ပူပန်လွန်ကဲစိတ်အား လျှော့ချခြင်း
- အိပ်ချိန်အား ကန့်သတ်ပြီး အိပ်ရေးပျက်တဲ့အခြေအနေရောက်မှသာ ကိုယ့်ရဲ့အိပ်စက်မှုပုံစံအား စတင်ပုံသွင်းခြင်း
- အလင်းကုထုံးဖြင့် အိပ်စက်စေရန် ကျင့်သားရအောင် လုပ်ခြင်းပဲ ဖြစ်ပါတယ်။
၂။ အိပ်ဆေးညွှန်းခြင်း
ဒီနည်းလမ်းကတော့ ယာယီအတွက်သာဖြစ်ပြီး ရေရှည်မှာတော့ ကျန်းမာရေးနောက်ဆက်တွဲပြဿနာတွေ ဖြစ်လာနိုင်တဲ့အတွက် ဆရာဝန်တဲ့ ဆေးညွှန်းတဲ့အခါ ရက်အတိအကျကို အမြဲသတ်မှတ်ပေးပါတယ်။ အိပ်ဆေးတွေကို ရက်သတ္တပတ်အနည်းငယ်ကြာတဲ့အထိပဲ မှီဝဲခွင့်ပေးပြီး ဒီလိုဆေးသုံးစွဲနေတဲ့အချိန်မှာလည်း ကိုယ့်ရဲ့ အိပ်စက်မှုအခြေအနေနဲ့ အိပ်ချိန်ဇယားကို အတည်တကျဖြစ်အောင် ကျင့်ဖို့လည်း အရေးကြီးပါတယ်။ ကိုယ့်သဘောနဲ့ကိုယ် အပြင်ဆေးခန်းမှာ အလွယ်တကူ အိပ်ဆေးဝယ်လို့မရသလို၊ ဝယ်လို့ရခဲ့ရင်လည်း ဆရာဝန်ညွှန်းစားမပါဘဲ အိပ်ဆေးသောက်ရင်တော့ ကောင်းကျိုးထက် ဆိုးကျိုးပိုများနိုင်တာကို သတိပြုသင့်ပါတယ်။
Insomnia ကို ကုသဖို့အတွက် တိုက်ရိုက်ကုသနည်းလမ်းမဟုတ်ဘဲ သွယ်ဝိုက်ပြီး သက်သာစေတဲ့ နည်းလမ်းတွေကတော့
- မယ်လတိုနင် အားဆေးသောက်ခြင်း
- အိပ်စိုက်ကုသမှုခံယူခြင်း
- ယောဂလေ့ကျင့်ခန်း လုပ်ပေးခြင်း
- ညအိပ်ကာနီး ရေနွေးနဲ့ ရေချိုး၊ စိမ်ခြင်း
- တရားထိုင်ခြင်း စတာတွေပဲ ဖြစ်ပါတယ်။
ယောဂလေ့ကျင့်ခန်း၊ ရေနွေးနဲ့ ရေချိုးခြင်း၊ တရားထိုင်ခြင်းကတော့ စိတ်ကိုတည်ငြိမ်စေပြီး တင်းမာနေတဲ့ ကြွက်သားတွေကို ပြေလျော့စေတဲ့အတွက် Insomnia ကို ကုသပေးတာမဟုတ်တဲ့တိုင်အောင် ကိုယ့်ကို ညဘက်တွေမှာ ကောင်းကောင်းအိပ်ပျော်နိုင်အောင် ကူညီပေးနိုင်မှာပါ။ ကျန်တဲ့ နည်းလမ်း ၂ ခုနဲ့ပတ်သက်ပြီးတော့ အခုချိန်ထိ သုတေသန လုပ်နေဆဲ ဖြစ်ပါတယ်။
ရဲမျိုးမြတ်